ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ တိုက်ပွဲဖြစ်

DVB News, 19February 2013  —-  အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် မိုင်းကောင်မှာ ဒီနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲကနေ ၅ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးလုပ်ထားပြီးမှ ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ ဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်လို့ သူက အခုလို ပြောပါတယ်။

“ပန်ယန်းမြို့နယ်ထဲမှာ အရင်တုန်းက တိုက်ပွဲဖြစ်ပြီး ၇ မိုင်စခန်းကို သူတို့အခြေပြုထားတယ်။ တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း ၁၉၉ ရှိတဲ့ တောင်ကုန်းပွိုင့်ကို သူတို့ဆက်တိုက်တယ်။ ခမရ ၃၄၂ ပါ။ ကချင်ဘက်ရပ်ပြီး ကျနော်တို့ဘက်လာတိုက်တာ စဉ်းစားစရာပဲ။ ပစ်ခတ်မှုတွေဖြစ်တော့ ဆက်ဆွေးနွေးဖို့ အဟန့်အတားဖြစ်တာပေါ့။”

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲထားပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ အကြိမ် ၈၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့နဲ့ တွေ့ဆုံနေစဉ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကိုထွေး DVB

Leave A Comment