ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

စိုင်းနော်ခမ်းနှင့်အဖွဲ့အား ရုံးတင်စစ်ဆေးနေစဉ် (Photo: www.NEWS.CN)

သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၄ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃   —–  မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ်ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရှိရသည်။

“တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်း တော့ မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလားအလာရှိတယ်” ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားပါ သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၄င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး(Intermediate Court)က  မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ゞင်း၏ အပေါင်းအပါများဖြစ်ကြ သော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

“ရှေ့နေဆိုတာ အမှန်တရားနဲ့ အလုပ်မလုပ်ဘူး။ ဥပဒေကြောင်းနဲ့ အလုပ်လုပ်တယ်။  အမှန်တရားနဲ့ ဥပဒေကြောင်းဆိုတာ အမြဲတမ်း တူညီမနေဘူး” ဟု ထိုင်းနိုင်ငံ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ဟောင်ကောင်ရှေ့နေတစ်ဦးက စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိပြီး အယူခံ ဝင်မှုအပေါ် ဘေကျင်း(ပီကင်း)မှ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုပါသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားခဲ့ဖူးသော စိုင်းနော်ခမ်း အား ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဘတ် ငွေ ၂ သန်းဖြင့် ဖမ်းမိန့်ကြေငြာပြီးနောက် ဧပြီ ၂၅ ရက် ၂၀၁၂ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်း ဆီးခြင်းခံခဲ့ရသည်။ တရုတ်နိုင်ငံသို့ လောဝ်(လာအို)အစိုးရက လွှဲအပ်ပေးပြီးနောက် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ ယူနန်ပြည်နယ် ကူမင်းတရားရုံးက ၄င်းအား သေဒဏ်ချမှတ်ခဲ့သည်။

မွေခေါဝ်

Leave A Comment